IowaLegalAid.orgIowa

Covid-19 and discrimination: Fair Housing Act and Iowa Civil Rights Act (in Burmese)

Authored By: Iowa Legal Aid

Information

COVID 19 နှင့် ခွဲခြားဆက်ဆံခြင်း - မျှတသောအိမ်ရာ အက်ဥပဒေနှင့် Iowa ပြည်သူ့အခွင့်အရေး အက်ဥပဒေ

[မာတိကာများသို့ ပြန်သွားရန်]

အိမ်ခန်းနေရာများနှင့်ပတ်သက်၍ ခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ပေးမည့် ကျွန်ုပ်၏ အခွင့်အရေးများက ဘာပါလဲ။

ဖက်ဒရယ် မျှတသောအိမ်ရာအက်ဥပဒေ (FHA) က သင့်အား အိမ်ခန်းငှားရမ်းရာတွင်ဖြစ်စေ၊ ရောင်းချရာတွင်ဖြစ်စေ မသန်စွမ်းမှု၊ လူမျိုး၊ အသားရောင်၊ ဘာသာရေး၊ နိုင်ငံဇာစ်မြစ်၊ လိင်နှင့် မိသားစုအခြေအနေပေါ်မူတည်၍ ခွဲခြားဆက်ဆံခံရခြင်းမှ ကာကွယ်ပေးသည်။ Iowa ပြည်နယ် ပြည်သူ့အခွင့်အရေး ဥပဒေ (ICRA) သည် လိင်တိမ်းညွတ်မှု၊ ကျားမသတ်မှတ်ဖော်ပြချက်အပြင် အဆိုပါအမျိုးအစားအားလုံး အတွက် အကျုံးဝင်သည်။

မသန်စွမ်းသူတစ်ဦးတွင် FHA နှင့် ICRA အရ မည်သည့်အခွင့်အရေးများ ရှိသနည်း။

ယင်းတို့တွင် တစ်စုံတစ်ဦး၏ မသန်စွမ်းမှုအတွက် ကျိုးကြောင်းသင့်လျော်သော ညှိနှိုင်းပြင်ဆင်ပေးမှုတစ်ခု ပြုလုပ်ရန် ငြင်းဆန်ခြင်း ပါဝင်သည်။ “ကျိုးကြောင်းသင့်လျော်သော ညှိနှိုင်းပြင်ဆင်ပေးမှု” ဆိုသည်မှာ မသန်စွမ်းမှုရှိစေကာမူ သင့်တွင် မျှတသော အိမ်ခန်းနေရာ အခွင့်အလမ်း ရရှိစေအောင် သင်၏အိမ်ရှင်၊ အပေါင်ခံကုမ္ပဏီ၊ စာချုပ်ရောင်းချသူ သို့မဟုတ် သင့်အိမ်ရာချထားမှုနှင့် ဆက်စပ်သော အခြားအဖွဲ့အစည်းမှ မူဝါဒများကို အပြောင်းအလဲပြုလုပ်ခြင်းဖြစ်သည်။

ထို့အပြင် ICRA နှင့် FHA အရ အိမ်ရှင်တစ်ဦးက သင်၏မသန်စွမ်းမှုကြောင့် နှောင့်ယှက်စော်ကားခြင်းမပြုနိုင်အောင် ကာကွယ်ပေးထားသည်။

ကျွန်ုပ်တွင် COVID-19 ရောဂါရှိလျှင် ကျွန်ုပ်သည် မသန်စွမ်းသူတစ်ဦး ဖြစ်ပါသလား။

FHA အရ ဖြစ်နိုင်ဖွယ်ရှိပြီး ICRA အရ အတိအကျဖြစ်ပါသည်။ ဦးစွာ FHA က သင့်တွင် “(1) လူတစ်ဦး၏ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အရေးကြီးသည့် ဘဝဖြစ်ရပ်လှုပ်ရှားဆောင်ရွက်မှုကို အဟန့်အတားဖြစ်စေသော ရုပ်ပိုင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တစ်ခု ရှိနေလျှင် (2) ထိုသို့သော ချို့ယွင်းမှုရှိကြောင်း အထောက်အထားရှိလျှင် သို့မဟုတ် (3) ထိုသို့သော ချို့ယွင်းမှုရှိသည်ဟု သတ်မှတ်ခံထားရလျှင်” သင့်ကို မသန်စွမ်းသူတစ်ဦးအဖြစ် သတ်မှတ်မည်ဖြစ်သည်။ “အရေးကြီးသည့် ဘဝဖြစ်ရပ်လှုပ်ရှားဆောင်ရွက်မှု များ” တွင် “မိမိကိုယ်ကိုစောင့်ရှောက်ခြင်း၊ လက်နှင့်လုပ်ဆောင်ရသည့် တာဝန်များ ဆောင်ရွက်ခြင်း၊ လမ်းလျှောက်ခြင်း၊ ရှာဖွေခြင်း၊ ကြားခြင်း၊ ပြောခြင်း၊ အသက်ရှူခြင်း၊ သင်ယူခြင်းနှင့် အလုပ်လုပ်ခြင်းကဲ့သို့ လှုပ်ရှားဆောင်ရွက်မှုများ ပါဝင်သည်။

အထက်ပါဖြစ်ရပ်များ အားလုံးအပြင် ICRA သည် “အခြား ကူးစက်တတ်သော သို့မဟုတ် ကူးစက်မှုရှိသော ရောဂါများကြောင့် ဖြစ်ပေါ်လာသည့် အခြေအနေများ” ကိုလည်း မသန်စွမ်းမှုအဖြစ် ထပ်တိုးသတ်မှတ်ထားသည်။ ထို့ကြောင့် ICRA အရ ကူးစက်တတ်သော ရောဂါဖြစ်သည့် COVID-19 ရောဂါရှိသည့် အခြေအနေကို မသန်စွမ်းမှုတစ်ခုအဖြစ် ပို၍ရှင်းလင်းစွာ ထည့်သွင်းထားပါသည်။

လက်ရှိတွင် COVID-19 ရောဂါမရှိသော်လည်း ကူးစက်မိပါက “ရောဂါဖြစ်နိုင်ခြေအလားအလာများသူ” အဖြစ် သတ်မှတ်ခံထားရသူများဆိုလျှင် မည်သို့ဖြစ်မည်နည်း။

COVID-19 ရောဂါ သီးသန့်ကို မသန်စွမ်းမှုအဖြစ် ယူဆသည့်အပြင် လူအများစုတွင် COVID-19 ရောဂါကူးစက်ခံခဲ့ရပါက ပို၍ပြင်းထန်စွာ ခံစားရနိုင်သည့် “ရောဂါဖြစ်နိုင်ခြေအလားအလာများသော” အခြေအနေများရှိကြသည်။ FHA နှင့် ICRA အရ ဤမသန်စွမ်းမှုများမှာလည်း ကာကွယ်ပေးရန်အတွက် အပိုဆောင်းအလားအလာများ ဖြစ်စေနိုင်ပါသည်။

အသက် 60 နှစ်အထက်ရှိသူများကဲ့သို့ အန္တရာယ်များသော အမျိုးအစားအချို့မှာ FHA သို့မဟုတ် ICRA အရ ၎င်းတို့ဘာသာ အကာအကွယ်ရနိုင်မည်မဟုတ်ပါ။

FHA & ICRA သည် ကျွန်ုပ်အား မည်သည့်အကာအကွယ် ပေးမည်နည်း။

အိမ်ခန်းပံ့ပိုးသူတစ်ဦးသည် သင့်တွင် COVID-19 သို့မဟုတ် အခြားမသန်စွမ်းမှုတစ်ခုခုရှိခြင်းကြောင့် သင့်အား အိမ်ငှားရန် သို့မဟုတ် ရောင်းချရန် ငြင်းဆို၍မရနိုင်ပါ။ မသန်စွမ်းမှုအပေါ် အခြေခံ၍ ငှားရမ်းခြင်း သို့မဟုတ် ရောင်းချခြင်း စည်းကမ်းသတ်မှတ်ချက်များတွင် ခွဲခြားဆက်ဆံခြင်းသည် တရားဥပဒေနှင့်မညီညွတ်ပါ။ ယင်းမှာ သင့်တွင် COVID-19 ရှိခြင်းကြောင့်၊ ရောဂါဖြစ်နိုင်ခြေအလားအလာများ စေသော မသန်စွမ်းမှုတစ်ခု ရှိခြင်းကြောင့် သို့မဟုတ် အခြားမသန်စွမ်းမှုတစ်ခုရှိခြင်းကြောင့် သင့်အား အိမ်ငှားရမ်းခပိုတောင်းခံခြင်း၊ ပြုပြင်ထိန်းသိမ်းမှုလုပ်ပေးရန် အချိန်ဆွဲခြင်း သို့မဟုတ် အချို့သောအဆောက်အအုံ သို့မဟုတ် အချို့သော အလွှာတစ်ခုတွင် နေရခြင်းများ ပြုလုပ်၍မရနိုင်သည့် သဘောဖြစ်သည်။ ယင်းမှာ သင်နှင့်အတူနေသော မိသားစုဝင်များ သို့မဟုတ် သင်နှင့်အတူရှိသော အခြားသူများ ဥပမာ ဧည့်သည့်များ သို့မဟုတ် စောင့်ရှောက်သူများနှင့်လည်း သက်ဆိုင်သည်။

ထို့အပြင် ဥပဒေအရ သင်၏ မသန်စွမ်းမှုအတွက် ကျိုးကြောင်းသင့်လျော်သော ညှိနှိုင်းပြင်ဆင်ပေးမှု ပြုလုပ်ပေးရန် တောင်းဆိုပိုင်ခွင့် ရှိပါသည်။ ယင်းမှာ အိမ်ကို အသုံးပြုနိုင်ပြီး နှစ်သက်စွာနေထိုင်နိုင်မည့် မျှတသော အခွင့်အရေးတစ်ခုကို ပေးရန် စည်းမျဉ်းများ၊ မူဝါဒများ၊ ကျင့်သုံးမှုများ သို့မဟုတ် ဝန်ဆောင်မှုများအား သက်ညှာခွင့်ပေးရန် တောင်းဆိုနိုင်သည်ဟူသည့် သဘောဖြစ်သည်။ မသန်စွမ်းမှုအတွက် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ပေးရန် လိုအပ်ပြီး ယင်းမှာ အိမ်ခန်းပံ့ပိုးသူအတွက် မလျော်ကန်သော ငွေကြေးဆိုင်ရာအရ လည်းကောင်း၊ စီမံရေးရာအရလည်းကောင်း ဝန်ထုပ်ဝန်ပိုးမဖြစ်စေပါက သို့မဟုတ် အိမ်ခန်းပံ့ပိုးသူ၏ ဝန်ဆောင်မှုသဘာဝကို အခြေခံအားဖြင့် ပြောင်းလဲစေခြင်းမျိုး မဖြစ်ပါက အိမ်ခန်းပံ့ပိုးသူသည် သင့်တောင်းဆိုချက်ကို ခွင့်ပြုရပါမည်။

COVID-19 ရောဂါရှိသူများ သို့မဟုတ် “ရောဂါဖြစ်နိုင်ခြေအလားအလာများစေသော” မသန်စွမ်းမှုရှိသူများအတွက် ကျိုးကြောင်းသင့်လျော်သော ညှိနှိုင်းပြင်ဆင်ပေးမှုများအတွက် နမူနာများတွင် ပါဝင်သည်မှာ

  • ဝင်ငွေပြောင်းလဲမှုကြောင့် အိမ်ငှားခပေးမည့် အစီအစဉ်များအတွက် တောင်းဆိုခြင်းများ
  • အိမ်ငှားခပေးရန် နောက်ကျခြင်းကြောင့် နောက်ကျကြေးများကို သက်ညှာခွင့်တောင်းခံခြင်း
  • ငွေကြေးဆိုင်ရာ စာရွက်စာတမ်းများကို မရယူနိုင်ခြင်းကြောင့် ပြန်လည်ထောက်ခံပေးရမည့် စာရွက်စာတမ်းများအား တင်သွင်းရန် ရွှေ့ဆိုင်းပေးခြင်းများ
  • အိမ်တွင်း စစ်ဆေးမှုများကို ရွှေ့ဆိုင်းပေးခြင်းများ

အိမ်ခန်းပံ့ပိုးပေးသူများသည် မသန်စွမ်းမှုနှင့်ပတ်သက်သည့် စာရွက်စာတမ်းများ တောင်းခံခွင့်ရှိပါသည်၊ သို့သော် ဆေးဘက်ကျွမ်းကျင်သူများ မရှိနိုင်သည့် ယခုကဲ့သို့အချိန်မျိုးများတွင် အဆိုပါစာရွက်စာတမ်းများ ရယူရန် သင့်တွင် အခက်အခဲရှိနိုင်ကြောင်း စဉ်းစားပြီး ပြောင်းသာပြင်လွယ်မှု ရှိသင့်ပါသည်။ မြေရှင်များသည် စာရွက်စာတမ်းများ တင်ပြရန် သို့မဟုတ် အခြားရင်းမြစ်များ ဥပမာ လူမှုလုပ်သားများ၊ မသန်စွမ်းအကျိုးခံစားခွင့် ဖော်ပြချက် သို့မဟုတ် သင့်မသန်စွမ်းမှုအကြောင်းသိရှိသည့် ရာထူးတစ်ခုခုမှ အခြားသူတစ်ဦးထံမှ အတည်ပြုချက်ကို လက်ခံနိုင်ရန် သင့်အား အချိန်ပိုပေးရန် လိုအပ်နိုင်ပါသည်။

ကျိုးကြောင်းသင့်လျော်သော ညှိနှိုင်းပြင်ဆင်ပေးမှု တစ်ခုတောင်းဆိုရန် နမူနာပုံစံတစ်ခုကို Iowa ပြည်သူ့အခွင့်အရေး ကော်မရှင်ဝက်ဘ်ဆိုက် မှတစ်ဆင့် ရရှိနိုင်ပါသည်။

အိမ်ရှင် သို့မဟုတ် အခြားအိမ်ခန်းပံ့ပိုးသူသည် ကျွန်ုပ်တွင် COVID-19 ရှိကြောင်း သက်သေပြခိုင်းနိုင်ပါသလား။

FHA သာမက ICRA အရပါ အိမ်ခန်းပံ့ပိုးသူတစ်ဦးသည် တစ်စုံတစ်ဦး၏ အမှန်တကယ်ဖြစ်သော သို့မဟုတ် ခွဲခြားသိရှိနိုင်သော မသန်စွမ်းမှုအား စုံစမ်းခြင်းသည် ဥပဒေနှင့်မညီညွတ်ပါ၊ ယင်းတွင် COVID-19 ရောဂါရှိကြောင်း တွေ့ရှိမှုလည်း ပါဝင်ပါသည်။

ကျွန်ုပ်တွင် COVID-19 ရှိခြင်းကြောင့် သို့မဟုတ် ကျွန်ုပ်သည် ရောဂါဖြစ်နိုင်ခြေအလားအလာများသောကြောင့် အိမ်ရှင်သည် ကျွန်ုပ်အား နှင်ထုတ်နိုင်ပါသလား။

မနှင်ထုတ်နိုင်ပါ။ ယင်းသည် FHA အရဖြစ်စေ၊ ICRA အရဖြစ်စေ ခွဲခြားဆက်ဆံမှုဖြစ်ပြီး ဥပဒေနှင့်မညီညွတ်ပါ။ ထို့အပြင် Iowa ပြည်နယ် အကူအညီရရှိပိုင်ခွင့် အက်ဥပဒေအရ မည်သည့်အကြောင်းပြချက်အတွက်မဆို လူနာတင်ယာဉ်ကဲ့သို့ အရေးပေါ် ဝန်ဆောင်မှုများ ရယူအသုံးပြုခြင်းကြောင့် အိမ်ငှားတစ်ဦးအား ဆိုးရွားစွာဆက်ဆံခြင်းသည် ဥပဒေနှင့်မညီညွတ်ပါ။

အိမ်ရှင်က ကျွန်ုပ်တွင် COVID 19 ရှိသည်ဟု ထင်ပါက ကျွန်ုပ်အား အခြားအခန်းသို့ ပြောင်းခိုင်းစေနိုင်ပါသလား သို့မဟုတ် ကွဲပြားစွာ ဆက်ဆံစေနိုင်ပါသလား။

ယင်းမှာ အမှန်တကယ်ဖြစ်သော သို့မဟုတ် ခွဲခြားသိရှိနိုင်သော မသန်စွမ်းမှုတစ်ခုပေါ်တွင် အခြေခံ၍ ခွဲခြားဆက်ဆံခြင်းဖြစ်သဖြင့် ယေဘုယျအားဖြင့် ယင်းမှာ FHA သို့မဟုတ် ICRA ကို ချိုးဖောက်ခြင်းဖြစ်သည်။ သို့သော်လည်း ဤစည်းမျဉ်းသည် အခြားဥပဒေတစ်ခုမှ စိုးမိုးသည့် ဘိုးဘွားရိပ်သာများနှင့် အခြားသော အချို့စောင့်ရှောက်ရေးဌာနများနှင့် မသက်ဆိုင်ပါ